Sunday, October 20, 2019

ခရစ်ယာန်သတင်း 2014, Feb

NEWS & VIEWS

  မြွေကိုင်ပြတဲ့ ဆရာ
Feb. 16, 2014 4:35pm
နာမည်ကြီး မြွေကိုင်ဆရာတယောက်ဖြစ်တဲ့ Jamie Coots ဟာ မြွေကိုက်ခံပြီးနောက် သေဆုံးသွားပါတယ်။ ညာဖက်လက်မှာ အကိုက်ခံရပြီး၊ သူက ဆေးကုဖို့ ငြင်းဆန်ခဲ့တယ်။ အရေးပေါ် လူနာတင်ယာဉ်နဲ့ ဆေးရုံပို့ဖို့ ကြိုးစားခဲ့ကြပေမယ့် ဆေးကုဖို့ လက်မခံဖူးလို့ ဆိုပါတယ်။ အရေးပေါ် စောင့်ရှောက်ရေးအဖွဲ့တွေ ည ၉း၁၀ မှာ ပြန်ခဲ့ကြပြီး၊ နောက်ထပ် တနာရီအကြာ သူ့အိမ်မှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။
သူဟာ မြွေကိုင်တဲ့ တတိယမျိုးဆက်ဖြစ်ပြီး၊ Pentecostal အသင်းတော်ငယ်ဖြစ်တဲ့ Full Gospel Tabernacle, in Middlesboro, Ky ရဲ့ သင်းအုပ်ဖြစ်ပါတယ်။ အဲဒီမြို့ဟာ Tennessee ပြည်နယ်ရဲ့ မြောက်ဖက်နယ်စပ်မှာ ရှိပါတယ်။ National Geographic Channel ရဲ့ “Snake Salvation” အစီအစဉ်ကြောင့် မနှစ်က နာမည်ကြီးလာသူ ဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ ပြောသွားတာကတော့ …..
“Appalachia တောင်တန်းတွေပေါ်က Pentecostal pastors တွေဖြစ်တဲ့ Jamie Coots နဲ့ Andrew Hamblin တို့ဟာ သက်တမ်း ၁၀၀ ကျော်လာပြီဖြစ်တဲ့ ဘုရားကျောင်းထဲမှာ မြွေကိုင်ပြတဲ့အလေ့ကို ဆက်ထိန်းဖို့ ကြိုးစားနေပါတယ်။ ဘိက်သိက်ပေးထားတဲ့ သူတို့နှစ်ယောက်ဟာ မြွေကိုင်ရင် အနာတရမဖြစ်ဘူးလို့ ကျမ်းတပိုဒ်အရ ယုံကြည်ကြတယ်။ မြွေမကိုင်ဘဲနေရင်တော့ ငရဲကျလိမ့်မယ်လို့လည်း ယုံနေပါတယ်။ သူတို့ဟာ အနီးအနား တောင်တန်းတွေမှာ မြွေတွေ ရှာဖွေ၊ စုဆောင်းတဲ့ အလုပ်ကို လုပ်နေသူတွေ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်က မကြိုက်ကြလို့ ဥပဒေကြောင်းအရ ခဏခဏ ရင်ဆိုင်ရသလို၊ မိသားစုမှာလည်း အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။”
၁၉၉၈ နှစ်တုန်းက rattlesnake မြွေကြီးတကောင်ကိုက်လို့ သေလုနီးနီး ဖြစ်ခဲ့ဖူးပါတယ်။ ညာဖက် လက်ခလယ်မှာ ကိုက်ခဲ့တာပါ။ ဆေးကုဖို့ ငြင်းခဲ့လို့ ညာဖက်လက်မောင်း ယောင်ကိုင်းပြီး၊ ညိုမဲလာတယ်။ အရည်ကြည်ဖုတွေ ပေါက်လာပြီး၊ ညာဖက် လက်ခလယ် ပြတ်ကျခဲ့ပါတယ်။
သူတို့က Mark 16: 17-18 ကို အလွဲယူကြတာပါ။ ဒါပေမယ့် Protestant churches အများစုကတော့ ဒါကို အားမပေးပါဘူး။ - (The Blaze)
==================================================
ခရစ်ယာန် အော်စကာဆု
Feb. 10, 2014 6:30pm
၂၂ ကြိမ်မြောက် Movieguide Faith & Values Awards ဆုပေးပွဲကို ကယ်လီဖိုးနီးယားပြည်နယ် Universal City မှာ ကျင်းပခဲ့ပါတယ်။ ဒီပွဲက ၂၀၁၃ ခုနှစ်အတွင်း ဟောလိဝုဒ်ရဲ့ အကောင်းဆုံး စိတ်ဓါတ်ခွန်အားပေးတဲ့ ရုပ်ရှင်နဲ့ T.V အစီအစဉ်တွေကို ဆုချီးမြှင့်တာ ဖြစ်ပါတယ်။
ဒီနှစ်ရသူတွေကတော့ “Grace Unplugged” ရုပ်ရှင်နဲ့ the History Channel ရဲ့ “The Bible” T.V စီးရီးတို့ဖြစ်ပါတယ်။ ဆုငွေ ဒေါ်လာ တသိန်းစီရကြပါတယ်။
ဆုပေးရခြင်းကတော့ “ဘုရားသခင်ကို လူတွေ ပိုနားလည်စေ၊ ချစ်တတ်လာစေတဲ့ အတွက်ကြောင့်” ဆုပေးတာပါ လို့ ဆိုပါတယ်။
မိသားစုအတွက် အကျိုးပြုတဲ့ တခြားရုပ်သံတချို့လည်း ဆုရကြပါတယ်။ မိသားစုအတွက် အကောင်းဆုံးရုပ်ရှင်ကတော့ Disney ရဲ့ “Frozen” နဲ့ “Iron Man 3″ တို့ ဖြစ်ပါတယ်။
ခရစ်ယာန်တွေ သိပ်ကြိုက်ကြတဲ့ “Duck Dynasty” ဆိုတဲ့ T.V အစီအစဉ်ကတော့ “Faith & Freedom Award” ဆုရပါတယ်။ သူက T.V မှာ စိတ်ဓါတ်ကောင်းလေးတွေ မြှင့်တင်ပေးလို့ ရတာ ဖြစ်ပါတယ်။
“Mark Burnett နဲ့ သူ့ဇနီး၊ မင်းသမီး Roma Downey တို့ ဆုပေးပွဲကို တက်ရောက်လာကြပြီး၊ နှစ်ယောက်လုံး “The Bible” အတွက် ဆုရကြပါတယ်။ ပြီးတော့ Burnett က “Free Enterprise Prize” ဆုကို “Shark Tank” အစီအစဉ်အတွက် ရလိုက်ပါသေးတယ်။
Burnett က အမေရိကားဟာ the Bible and free enterprise,” “သမ္မာကျမ်းစာနဲ့ လွတ်လပ်စွာ တည်ထွင်ကြံဆမှု” ဆိုတဲ့ အချက် ၂ ချက်အပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဆုပေးပွဲ စဉ်မြင့်ပေါ်မှာ ပြောသွားပါတယ်။
ရုပ်ရှင်ဝေဖန်ရေးဆရာ Dr. Ted Baehr တည်ထောင်တဲ့ Movieguide Awards ဆုတွေဟာ ခရစ်ယာန် ဖျော်ဖြေရေး အသိုင်းအဝိုင်းမှာ အဓိကကျလာတာ အနှစ် ၂၀ ကျော်လာခဲ့ပါပြီ။ ဒီဆုပေးပွဲကို “ခရစ်ယာန် အော်စကာဆု” လို့ ဆိုကြပါတယ်။ ဆုရစာရင်း အပြည့်အစုံကတော့ The Hollywood Reporter the full list မှာ ဝင်ကြည့်နိုင်ပါတယ်။
ဒီပွဲကို Reelz Channel မှာ တနာရီကြာ အထူးအစီအစဉ်အဖြစ် အော်စကာဆုပေးပွဲနဲ့ အပြိုင် မတ်လ ၁- ၃ ရက်မှာ ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။ - (The Blaze)

No comments:

Post a Comment