မြန်မာအစိုးရတပ်နဲ့ ကချင် K.I.A တပ်တွေရဲ့ စစ်ပွဲတွေဟာ မဖြစ်သင့်ဘဲ ဖြစ်ရတာမို့ အလွန်စိတ်မကောင်းစရာပါပဲ။ ဒီထက်ပိုပြီး စိတ်မကောင်းစရာဖြစ်ရတာက အမျိုးသမီးတွေ မတရားပြုကျင့်ခံရတာ၊ အထင်နဲ့ ညှင်းပန်းနှိပ်စက်ခံရတာ၊ ရက်ရက်စက်စက် သတ်ဖြတ်ခံရတာတွေပါပဲ။ စစ်ဖြစ်တာကို နားလည်ပေးနိုင်ပေမယ့် အရပ်သားတွေကို သတ်ဖြတ်ညှင်းဆဲတာကတော့ စည်းကမ်းနဲ့ စိတ်ဓါတ်ပိုင်းအရ နိမ့်ကျလွန်းလို့ အတော်စိတ်ပျက်စရာ ကောင်းပါတယ်။ ဒါဟာ ကိုယ်ကျင့်တရားနဲ့ဆိုင်ပါတယ်။
ဒီထက်ပိုဆိုးတာက ကချင်တွေကို မျိုးဖြုတ်ပစ်မယ်ဆိုတဲ့စကားပါပဲ။
ကချင်လူမျိုးအများစုနဲ့ ဘာအငြိုးအတေးမှ မရှိပါဘဲနဲ့ မျိုးဖြုတ်ပစ်မယ်လို့ ပြောတာဟာ အတော်နားလည်ရခက်ပါတယ်။ လူဟာ ပုံမှန်ဆိုရင် ဒီလိုမပြောတတ်ပါဘူး။ ညီအကိုချင်းကို မျိုးဖြုတ်ရင် ကိုယ့်အမျိုး ဆက်ကောင်းစားဖို့ မလွယ်ပါဘူး။
၁။ ကချင်လူမျိုးဟာ တိဗက်မြန်မာအုပ်စုမှာပါတယ်လို့ ဆိုကြတယ်။
၂။ ကချင်လူမျိုးဟာ အများအားဖြင့် အေးအေးနေတတ်ပါတယ်။
အေးအေးနေတတ်လွန်းလို့ပင်လျှင် ကချင်လူငယ်တွေမှာ မူးယစ်ဆေးပြဿနာ ကြုံနေရတာပါ။
၃။ K.I.A ကလည်း ညှိလို့ရနိုင်ပါတယ်။ တခြားသူတွေက “စစ်အစိုးရ” လို့ ခပ်ပြတ်ပြတ်ခေါ်နေချိန်မှာ၊ K.I.A ခေါင်းဆောင်တွေက “နိုင်ငံတော်အစိုးရ” လို့
လေးလေးစားစား ခေါ်နေဆဲပါပဲ။
၄။ ညှိရခက်နေတာတွေကလည်း စကားအခေါ်အဝေါ်တွေ ဖြစ်နေပါတယ်။ လက်တွေ့မယုံရတဲ့ အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့ကိုတော့ K.I.A က အတော်အီနေတာလည်း ပါပါလိမ့်မယ်။ ယုံကြည်မှုတည်ဆောက်ဖို့ရာက စကားနဲ့ပဲ မရတတ်ပါဘူး။ ယုံလောက်အောင် စိတ်ထားနဲ့ အပြုအမူတွေ တိုးတက်လာဖို့ လိုပါတယ်။
၅။ နှစ်ဦးနှစ်ဖက် အတိတ်က နာကျည်းချက်တွေ ရှိခဲ့ကြရင်လည်း အဆိုးကို အဆိုးနဲ့ မတုန့်ပြန်ကြဘဲ အကောင်းနဲ့ ပြန်တုန့်ကြမယ်ဆိုရင် ပိုကောင်းမှာပါ။ အမှားတွေရှိခဲ့ကြရင်လည်း ပြန်တောင်းပန်ကြ၊ ပြန်ကျေးဇူးပြုကြတဲ့နည်းတွေနဲ့ ရှေ့ဆက်သွားဖို့ စဉ်းစားကြရပါမယ်။
၆။ လူမျိုးတိုင်းမှာ အားသာချက်တွေ ရှိကြသလို၊ အားနည်းချက်တွေလည်း ရှိစမြဲပါ။ တခြားလူမျိုးတွေကို မယုံဘဲ၊ ကိုယ်တမျိုးတည်း ရှိသမျှနေရာအကုန်ယူမယ်ဆိုရင် တိုးတက်ဖို့၊ အောင်မြင်ဖို့ မလွယ်ပါဘူး။ ကရင်လူမျိုးဟာ လူမှုရေးအားသန်တဲ့လူမျိုးဖြစ်တယ်လို့ ယူဆကြမယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ လူမှုရေးကူညီမှုတွေ တေးဂီတတွေမှာ တိုင်းပြည်နဲ့ လူသားတွေအတွက် အားတအား ဖြစ်ပါတယ်။ ကချင်လူမျိုးတွေကတော့ နိုးဆော်တဲ့လူမျိုးလို့ ဆိုနိုင်မယ်ထင်ပါတယ်။ (ဘယ်သူမှ မတက်ချင်သေးတဲ့ ညောင်နှစ်ပင် ညီလာခံကို စတက်ပြတာကို ကြည့်ပါ။) တိုင်းပြည်နဲ့ လူတွေအတွက် ကောင်းရာကောင်းကျိုးတွေ လုပ်စရာအများကြီးပါ။ လုပ်ဖို့လိုတယ်လို့ သိနေရင်တောင် တကယ်ထ, လုပ်ကြဖို့ နိုးဆော်ပေးဖို့ လိုပါတယ်။ ဒါလည်း တိုင်းပြည်အတွက် အားတမျိုးပါ။ ဒီအားကို မသုံးဘဲနေရုံမကဘဲ ဖျက်ဆီးမယ်ဆိုတာ သိပ်ဆိုးပါတယ်။
၇။ ကချင်ပြည်နယ်က ကျောက်စိမ်းထွက်တာတော့ အားလုံးသိကြပါတယ်။ အဖိုးလည်းတန်ပါတယ်။ တိုင်းပြည်အတွက်ဖြစ်စေ၊ လူတွေအတွက်ဖြစ်စေ အကျိုးရှိအောင်သုံးရင် သိပ်ကောင်းပါတယ်။ ဒါပေမယ့် အဲဒီကျောက်စိမ်းဟာ သာမန်လူအများစုအတွက် သိပ်အကျိုးမပေးပါဘူး။ ဘာမှလည်း ထိထိရောက်ရောက် အကျိုးမခံစားရပါဘူး။ လူအများ အကျိုးသိပ်မခံစားရတဲ့ ကျောက်စိမ်းအတွက်နဲ့ စစ်ဖြစ်ပြီး၊ လူတွေ ရာနဲ့ချီသေနေရတယ်ဆိုရင်တော့ မကောင်းပါဘူး။ မဖြစ်သင့်ပါဘူး။ ကချင်ပြည်နယ်ကထွက်ပြီး တခြားသူတွေကိုပါ အကျိုးရှိစေမယ့်အရာကတော့ ကချင်တိုင်းရင်းဆေးတွေ ဖြစ်ပါတယ်။ ကချင်အမျိုး (အကြမ်းအားဖြင့်) ၆ မျိုးရှိရာမှာ ဂျင်းဖေါအမျိုးဟာ ဆေးရသူတွေ ဖြစ်ပါတယ်။ ဒဏ်ကြေဆေး၊ တီဘီဆေး၊ ဆီးချို သွေးချိုးဆေးကအစ ကင်ဆာဆေးအထိ ရှိပါတယ်။ (နဲနဲလျှော့ ပြောထားတာပါ။) ဂျင်းဖေါအိမ်တိုင်းလိုလိုမှာ မိဘအစဉ်အဆက် သုံးလာတဲ့ ဆေးတမျိုးတော့ ရှိတတ်ပါတယ်။ ခေတ်မှီစက်ကရိယာတွေနဲ့ စမ်းသပ်ထုတ်လုပ်ထားတာ မဟုတ်သေးပေမယ့် ရောဂါပျောက်ကင်းသူတွေ အများကြီးရှိပါတယ်။ ကင်ဆာဆိုရင် ပိုက်ဆံတတ်နိုင်သူတွေက နိုင်ငံခြားတိုင်းပြည်တွေမှာ ငွေကြေးအကုန်အကျခံပြီး သွားကုနိုင်ကြပေမယ့် ဆင်းရဲသူတွေကတော့ ပြည်တွင်းမှာ အသေခံကြရမှာလား? မဟုတ်ဘူး။ ကချင်ကင်ဆာဆေးထုပ်တထုပ်က မြန်မာငွေ ရာဂဏန်းလောက်နဲ့ ရနိုင်ပါတယ်။ ကဲ... ပြည်သူပြည်သား လူအများအတွက် အကျိုးမရှိဘူးလား? ညီအကိုချင်း ယိုင်းပင်းကူညီပြီး ချစ်ချစ်ခင်ခင်နေဖို့ ကြီုးစားရမယ့်အစား အမျိုးဖြုတ်ပစ်မယ်ဆိုတာကြီးက ဘယ်သူ့အကျိုးမှ မရှိနိုင်ပါဘူး။ ညီအကိုမောင်နှမ သားချင်းရှိတာနဲ့ ညီအကိုမောင်နှမမရှိတဲ့ တကောင်ကြွက်ဘဝ ဘယ်ဟာက ပိုကောင်းမလဲ စဉ်းစားကြည့်ပါ။ ကဲ... ကချင်ဟာ တို့ညီအကိုမဟုတ်လား? တခြားတိုင်းရင်းသားတွေလည်း တို့ညီအကိုမဟုတ်လား? ဒီထက်ပို ပြောပါဦးမယ် ... အသားအရောင်မတူတဲ့ ကမ္ဘာအနှံ့က လူသားတွေဟာ တို့ညီအကိုမဟုတ်လား? ဒါက ဉာဏ်နည်းရင် မမြင်ဘဲ ဖြစ်နေတတ်ပါတယ်။
No comments:
Post a Comment